Sunday, June 14, 2015

ပညာတန်ဖိုး

"တက္ကသိုလ်ဆိုတာ အရိုင်းအစိုင်းတွေကို ပညာသင်ကြားရာနေရာကြီးတစ်ခုလိုဖြစ်လာပြီ။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေကို လူ့ဘောင်ရဲ့ တန်ဖိုးထားစရာတွေကိုမသင်ဘဲ၊ ပညာတွေကိုသာ သင်ခိုင်း ရှာခိုင်း နေတာကြောင့်ပဲ" လို့ ဂျွန် ဟော့ကင်းတက္ကသိုလ်က ပါမောက္ခချုပ် စတီဗင် မူးလားဆိုသူ ပြောသွားတဲ့စကားကို ဆင်ခြင်ဖို့ကောင်းတယ်။ 

တကယ့်ပညာစစ်စစ်ဆိုတာ ဦးနှောက်ကိုရော နှလုံးသားကိုပါ လေ့ကျင့်သင်ကြားပေးရတာပါ။ ပညာမတတ်တဲ့ သူခိုးတစ်ယောက်ဟာ ကုန်တင်ကားကြီးတစ်စီးကို ခိုးကောင်းခိုးနိုင်မယ်၊ ပညာတတ်သူခိုးဟာ မီးရထားလမ်း တစ်လမ်းလုံးကို ခိုးနိုင်တယ်ဆိုတဲ့စကားရှိပါတယ်။ ပညာရှာရာမှာ ပြိုင်သင့်တာက ကြားမြင်သုတ ဘယ်လောက် ရှိသလဲ၊ ဘယ်လောက်ယဉ်ကျေးလိမ္မာသလဲဆိုတာတွေပါ။ ဘယ်နှစ်တန်းလဲ၊ ဘာဘွဲ့လဲဆိုတဲ့ အဆင့်တွေ မဟုတ်ပါဘူး။ အသိဆိုတာ ပကတိအရှိတရားတွေနဲ့ တည်ဆောက်သွားရတာ။ ပညာဆိုတာ အသိနဲ့ အရှိကို ပေါင်းစပ်ရတာ။ ဘွဲ့ရတိုင်း ပညာတတ်မဟုတ်ဘူး။ 
အရေးကြီးတာက Learn to Learn လို့ခေါ်တဲ့ ဘာတွေ သင်ယူသင့်တယ်ဆိုတာကို သင်ယူနေဖို့လိုတယ်။ အများထင်နေကြတာက ပညာဆိုတာ မှတ်မိတာ၊ စာတွေ ကျက်ပြီးပြန်ရွတ်ပြနိုင်တာ၊ ကျက်ထားတဲ့စာတွေ ပြန်ရေးပြနိုင်တာလို့ပါ။ ပညာသာရှိပြီး ကိုယ်ကျင့် တရားမရှိသူဟာ လောကမှာ အလကားလူပဲဖြစ်နေမှာ။
Knowledge is Power လို့ မကြာမကြာပြောကြတယ်။ တကယ်ဟုတ်သလားဆိုတော့ မဟုတ်ပါဘူးလို့ ပြောရမယ်။ ပညာဆိုတာ စွမ်းအား တစ်ခုမဟုတ်ပါဘူး။ ပညာဆိုတာ အကြားအမြင်ဆင်ခြင်စရာပါ။ ဥပမာ လျှပ်စစ်စွမ်းအားတို့ မီးရဲ့စွမ်းအားတို့ဆိုတာ သူ့စွမ်းအားနဲ့သူရှိနေကြတာ။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဆိုတဲ့စကားကိုသိမှာပေါ့။ အပြုနဲ့ အပျက် ဆင်ခြင်သုံးသပ် ပိုင်းဖြတ်နိုင်မှ အကျိုးရှိမှာ။ 
စာဖတ်သူနဲ့ စာမဖတ်သူ ဘာတွေကွာခြားနိုင်သလဲ။ Ben Franklin ဆိုသူကတော့ "မကွာဘူး" လို့ပြောတယ်။ ပညာသင်ယူခြင်းဆိုတာ အစားအစာတွေအများကြီးစားတာနဲ့တူတယ်။ ဘယ်လောက်စားနိုင်တယ်ဆိုတာ ပြဿနာမဟုတ်ဘူး။ စားသမျှကို ခြေဖျက်နိုင်စွမ်းရှိဖို့ပဲလိုတယ်။ ပညာဆိုတာ စွမ်းအားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ တကယ့်အစစ်အမှန်စွမ်းအားကြီးတစ်ခုမဟုတ်ဘူး။ ဆင်ခြင်ပိုင်းဖြတ်နိုင်စွမ်းကသာ ပညာဖြစ်ပါတယ်။

0 comments:

Post a Comment